လူမှုဝန်ထမ်းဦးစီးဌာန၊တောင်ဒဂုံမူလတန်းကြိုကျောင်း၌ (ပထမ) အကြိမ် မိဘအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဒဂုံတောင် အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၈ ရပ်ကွက်၊ မြရည်နန္တာလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ဒဂုံမူလတန်းကြိုကျောင်းတွင် ရင်သွေးငယ် များအား ငယ်ရွယ်စဉ်မှစ၍ ပြုစုစောင့်ရှောက်ရာတွင် စနစ်တကျပြုစုပျိုး‌ထောင်နိုင်စေရန်  (ပထမ)အကြိမ်  မိဘအသိပညာပေး ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၃နာရီက ကျင်းပပြု လုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်‌ချောစုဝင်းက ကလေးသူငယ် အခွင့်အရေးနှင့် ကလေးသူငယ်ဥပဒေအကြောင်းအရာများကို အကျယ်တဝင့် ဟောပြောဆွေးနွေးပြီး တောင်ဒဂုံ မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမြတ် ရတီက ကလေးသူငယ်စောင့်ရှောက်မှုပုံစံများ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ကလေးငယ်များ ကာယ၊ဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘဆရာ ပူးပေါင်းဆောင်ရွက် ရန်များကို ညှိနှိုင်းဆွေးဟောပြောရာ တက်ရောက်လာသောမိဘများက သိရှိလိုသည်များ မေးမြန်းကြပြီး ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးကြ ကြောင်းသိရသည်။

မိဘအသိပညာပေးဆွေးနွေးပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန ‌ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဦးစီးအရာရှိဒေါ်ချောစုဝင်းနှင့် တာဝန်ရှိသူများ တောင်ဒဂုံမူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမြတ်ရတီနှင့် ဆရာမများ မိဘများ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 သန်းသန်းအေး