နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ၊ ပေါင်းလောင်း ချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန်မျှော်မှန်းပြီး ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းရှိ ဆည်ကန်များနှင့် မြစ်ချောင်းများ၌ ငါးမျိုးစိုက်ထည့်ပေးနိုင်မှုအနေဖြင့် စက်တင်ဘာလအထိ ငါးသားပေါက်ကောင်ရေ (၁၉၈၅၅)သိန်း မျိုးစိုက်ထည့်ပေးပြီးဖြစ်ကြောင်း၊ သဘာဝရေပြင်အတွင်း ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးများမပြုန်းတီးစေရေး၊ ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သဘာဝမှပေါက်ပွားသည့် ငါးများနှင့် ငါးမျိုးစိုက်ထည့်သည့် ငါးများကို ဖမ်းဆီးခြင်းမပြုကြရန် လိုအပ်ကြောင်း၊ ငါးသယံဇာတ စဉ်ဆက်မပြတ် တည်ရှိနေရန်အတွက် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း လက်တွဲပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေါင်းလောင်းချောင်းအတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀)နှင့် ထိုင်းငါးခုံးမ ငါးသားပေါက်ကောင်ရေ(၈၀၀၀၀)စုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းကို မျိုးစိုက်ထည့်ပေးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပေါင်းလောင်းချောင်းအတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)