ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံး၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ကျင်းပ

ပုဗ္ဗသီရိ အောက်တိုဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံး၊ ပြည်သူ့စာကြည့်တိုက်၌ ဆွေးနွေးကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးဌေးဦး(နွေဦးကိုကို)၊ ဦးစိန်ဝင်း(စိန်ဝင်းနွယ်၊ ဘာသာပြန်)၊ ဦးခင်မောင်ကျော်(ရဲမွန်ကျော်)၊ ဒေါ်ချယ်ရီအောင်သန်း(ချယ်ချယ်-YU)၊ ဦးသန်းမင်းထွန်း (မောင်သန်းညွန့်-မြစ်မြေ)၊ဦးလင်းထွဋ်(ကိုလင်း-အညာမြေ)၊ဒေါ်နှင်းနှင်းလွင်(လုံမငယ်-လူမှု)၊ ဒေါ်သက်သက်မွန်နှင့် စာပေဝါသနာရှင်တို့က "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ ဘဝအတွေ့အကြုံများနှင့်ယှဉ်ကာ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ကာ ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)