တိုက်ကြီး အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အယ်လ်နီညိုရာသီဥတုအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီခွဲက ရင်းတိုက်ကွင်းကျေးရွာရှိ ဒေါ်လီဖိန်းငါးမွေးကန်၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းက အယ်လ်နီညိုရာသီဥတု ပြောင်းလဲမှုဖြစ်စဥ်ကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်လာမည့် အခြေအနေများ၊ ကြိုတင်ပြင်ဆင်ကာကွယ်ရမည့်နည်းလမ်းများနှင့် အယ်လ်နီညိုဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းများစသည့် အသိပညာပေးအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အသိပညာပေး စာစောင်များအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို တိုက်ကြီးမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ရေလုပ်သား စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)