ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲသို့ ရခိုင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ပွဲတက်ရောက်

စစ်တွေ      အောက်တိုဘာ  ၂၀

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲသို့ ရခိုင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များထံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊  ပြည်နယ်တရားလွှတ်တော်  တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အနုပညာရှင်များ၊ ဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်အဆင့်ပြိုင်ပွဲက ရွေးချယ်ရရှိခဲ့သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၊ ကဗျာလွတ်အက၊ တိုင်းရင်းသား ကျေးလက်အက၊ ရှမ်းတိုင်းရင်းသားရိုးရာအကစသည်တို့မှ ပြိုင်ပွဲဝင်များသည် ဗဟိုအဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားပေါင်း(၄၇)မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း၊ ဗဟိုအဆင့်သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များကိုလည်း စစ်တွေတက္ကသိုလ်အားကစားလေ့ကျင့်ရေးခန်းမမှာ အောက်တိုဘာလ (၁) ရက်နေ့မှယနေ့ထိ ကျွမ်းကျင်သည့် အဆိုပညာရှင်၊ အကပညာရှင်၊ အတီးပညာရှင်များဖြင့် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်စေခဲ့ကြောင်း၊ ထိုကဲ့သို့စခန်းသွင်းလေ့ကျင့်ခြင်းအားဖြင့် မိမိပြိုင်ပွဲဝင်ရမည့် ဘာသာရပ်အပေါ်မှာ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်နှင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြမည်ဖြစ်ကြောင်း၊ သွားရောက်ယှဉ်ပြိုင်သည့်အခါတွင်လည်း  ပြိုင်ပွဲဝင်များအနေဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တစိတ်တဝမ်းတည်း သွားရောက်ယှဉ်ပြိုင်ကြရန် မှာကြားလိုကြောင်း၊ တစ်ဦး၏လိုအပ်ချက်ကိုတစ်ဦးက ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ နည်းပြများ၊ အုပ်ချုပ်သူများကလည်း ပြိုင်ပွဲဝင်များအပေါ် မိမိ၏ရင်နှစ်သားသမီးကဲ့သို့ ထောက်ပြစရာရှိသည်များကို ထောက်ပြ၊ ဆုံးမ၊ သွန်သင်စရာရှိသည်များကို သွန်သင်ပေးကြရန်မှာကြားလိုကြောင်း၊ ပြိုင်ပွဲဝင်များ အနေဖြင့်လည်းမိမိတို့ပြည်နယ်၏ ဂုဏ်ဆောင်နိုင်ရန်စည်းကမ်းတကျကြိုးစားယှဉ်ပြိုင်ကြရန် မှာကြားလိုကြောင်း၊ ပြိုင်ပွဲဝင်နေစဉ်ကာလမှာလည်း မိမိတို့၏ကျန်းမာရေးကို အထူးဂရုပြုနေထိုင် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်းနှင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူများ၊ ပံ့ပိုးသူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်များအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပြည်နယ်၏ကိုယ်စား ကာယဉာဏစွမ်းအား စိုက်ထုတ်၍ အားသွန်ခွန်စိုက်ကြိုးပမ်းယှဉ်ပြိုင်ပြီး ပြည်နယ်အတွက် ရွှေတံဆိပ်များများ ဆွတ်ခူးနိုင်ကြပါစေ၊ ပြည်နယ်၏ဂုဏ်ကိုဆောင်နိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်ကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောနိုင်ထံ အောင်နိုင်ရေးအလံပေးအပ်သည်။ ထို့နောက် ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင် ကြမည့် အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများက ကဗျာလွတ်အက၊ ရှမ်းတိုင်းရင်းသားရိုးရာ အက တို့ဖြင့် ကပြဖျော်ဖြေကြပြီး အဆိုပြိုင်ပွဲဝင်များနှင့် အတီးပြိုင်ပွဲဝင်များက သီဆိုတီးခတ်ဖျော်ဖြေ ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများက ပြိုင်ပွဲဝင်များနှင့် နည်းပြများ၊ အုပ်ချုပ်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဝင်များသည် အုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်များနှင့်အတူ နေ့လယ်စာကို အတူတကွစားသုံးကြသည်။

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင် (၈၆) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တင်ထွန်း