ညောင်ဦး အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် အောက်တိုဘာ ၂၀ ရက်ထိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၂၆၆၄၄)ဦးထိ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ပြီးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ နေရာအလိုက်အုပ်စုများခွဲကာ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်း သတ်မှတ်နေရာများသို့ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ယူဆောင်လာစေကာ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူပြီး Database တွင်သိမ်းဆည်းကာ မတူညီသောဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ခြင်းပြီးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို Internet Line ကောင်းမွန်သည့် အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စုစည်း၍ အသက်(၁၀)နှစ် အထက်ရှိသူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန် မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့်အခြေခံစနစ် တည်ဆောက်ရန်အတွက်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်တာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း