ထန်းတပင် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှလှူဒါန်းသည့် စာအုပ် စာစောင်များနှင့် အလှူရှင်များမှ လှူဒါန်းထားသည့် စာအုပ်များအား ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်နှစ်တိုက်တို့အား ပြန်လည်၍ ပေးအပ်လှူဒါန်းပေးခြင်း အခမ်းအနားကို အောက်တိုဘာလ (၂၀)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ငြိမ်းငြိမ်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးတို့က စာအုပ်လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး လှူဒါန်းပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် စာကြည့်တိုက်နှစ်တိုက်တို့မှ တာဝန်ရှိသူများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ လှူဒါန်းထားသည့် စာအုပ်စာစောင်များနှင့် အလှူရှင်များမှ လှူဒါန်းထားသည့် စာအုပ်များကို မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ငြိမ်းငြိမ်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးနှင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက အမှတ်(၄)ရပ်ကွက်၊ လင်းလက်ကြယ်စာကြည့်တိုက်နှင့် အေးရွာလေးကျေးရွာပညာ့လင်းရောင် စာကြည့်တိုက်တို့မှ တာဝန်ရှိသူများထံသို့ ပြန်လည်၍ ပေးအပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်