စျေးကွက်ဝင် နှစ်ရှည်သီးနှံကွမ်းသီးပင်များ စီပွားဖြစ်စိုက်ပျိုးသူများ စျေးကောင်းရရန် မျှော်လင့်

ကျိုက်မရော အောက်တိုဘာ ၂၀

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင် စျေးကွက်ဝင်နှစ်ရှည်သီးနှံပင်ဖြစ်သည့် ကွမ်းသီးပင်များအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်  နိတုံကျေးရွာတွင် လယ်ယာမြေ၊ ဥယာဥ်ခြံလုပ်ငန်းဖြင့် အသက်မွေးကြသူများပြီး ရာသီအလိုက်သီးနှံမျိုးစုံကို တစ်နိုင်တစ်ပိုင်စိုကိပျိုးသူ၊ စီးပွားဖြစ် အများအပြားစိုက်ပျိုးလုပ်ကိုင်သူများလည်းရှိပြီး  ထိုအထဲမှ နှစ်ရှည်သီးနှံလည်းဖြစ် စျေးကွက်ဝင်သီးနှံလည်းဖြစ်သော ကွမ်းသီးပင်ကို ခြံလွတ်များ၌ စိုက်ပျိုးကြကြောင်း သိရသည်။

ကွမ်းသီးပင်ကို ရေမဝပ်၊ ရေမမြုပ်သော မြေပြန့်နေရာများတွင် စိုက်ပျိုးရပြီး အစိုဓာတ်ထိန်းပေးနိုင်တဲ့ တောင်တန်းတောင်ပေါ်ဒေသတွေမှာလည်း တောမီးရှို့ပြီး မိုးကျတာနဲ့ ဒေသထွက်ကွမ်းသီးမျိုးကို ၇ပေခြားပြီး တွင်းထဲချစိုက်ရပါတယ်၊ ကွမ်းသီးပင်ကို  အပင်ငယ်သေးလျှင် အရိပ်ခံပင်ကြဲကြဲထားပြီး စိုက်ပျိုးရပါတယ်၊ ကွမ်းသီးပျိုးပင် မြေချချိန်မှာ  အစိုဓာတ်များများရှိရမှာဖြစ်ပြီး မည်သည့်မြေသြဇာမှမလိုပဲ  နှစ်နှစ်သားရောက်ရင်တော့ ကိုယ်တိုင်ပြုလုပ်ထားသော သဘာဝမြေသြဇာကို မိုးနှောင်းကာလမှာ  တစ်ကြိမ်ကျွေးလို့ရကြောင်းနှင့် ကွမ်းသီးပင်ကို ပင်ခြား၊ တန်းခြားခြောက်ပေမှ ၇ပေ ခြားစိုက်ပျိုးလျင် တစ်ဧကကို အပင်  ၇၀၀ ကျော်စိုက်ပျိုးနိုင်ပါတယ်၊  ကွမ်းသီးပင်သည်နှစ်ရှည်ပင်ဖြစ်သောကြောင့် ၅နှစ်မှ ၆ နှစ်သားဖြစ်မှသာ စတင်အသီးသီးကြောင်း  ကွမ်းသီးတစ်ပင်ကို အသီး ၅၀၀ခန့်ထိသီးကြောင်း ကွမ်းသီးပင်စီးပွားဖြစ် စိုက်ပျိုးသူဦးကျော်မင်းစိုး၏ ပြောပြချက်အရ သိရသည်။

ကျိုက်မရော​မြို့နယ် နိတုံကျေးရွာမှာကွမ်းသီးမျိုးများက အသားကြီးပြီးအခွံပါးသည့် အသီးမျိုးဖြစ်၍ ကွမ်းယာဆိုင်ပိုင်ရှင်များအကြိုက်ဖြစ်ကာ ယခုနှစ်၌ အထွက်နှုန်းကောင်း၍ စျေးကောင်းရရှိရန် တောင်သူများ မျှော်လင့်နေကြကြောင်း ဦးကျော်မင်းစိုးထံမှ သိရသည်။

 မိချို (ပြန်/ဆက်)