တွံတေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အယ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဥ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြော

တွံတေး အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေး​မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ အယ်နီညို ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီမိနစ် ၃၀ အချိန်က ကျွန်းဘက်-ကရင်ချောင်းကျေးရွာအုပ်စု၊ ကျွန်းဘက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် တွံတေးခရိုင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ထွဋ်ကက မြန်မာနိုင်ငံတွင် အယ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဥ်သည် စက်တင်ဘာလမှစတင်၍ အဆင့်ဆင့်သက်ရောက်စတင်လာပြီဖြစ်ကြောင်းကို မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာမှ ထုတ်ပြန်ကြေငြာထားရှိခဲ့ပြီးဖြစ်ရာ အယ်နီညိုဖြစ်စဥ်ကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်နိုင်မှုနှင့်အပူချိန်အမြင့်မားဆုံးကာလများဖြစ်သည့် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ဖြစ်ပေါ်လာနိုင်သည့် ငါးမွေးမြူရေးနှင့် ငါးလုပ်ငန်းလုပ်ကိုင်ကြသည့် ဒေသခံပြည်သူများ ကြုံတွေ့ရမည့်အခြေအနေများကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ အယ်နီညိုဖြစ်ပွားချိန်တွင် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရန်၊ အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးကဏ္ဍအပေါ်သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန်၊ အယ်နီညိုဖြစ်ပွားချိန်နှင့်ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်အကြောင်းအရာများကို မွေးမြူရေးလုပ်ငန်းရှင်များနှင့် ရေလုပ်သားများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို တွံတေးမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ရေလုပ်သားစုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တွံတေးသား