မိုးကောင်းမြို့ Community centre ခန်းမ၌ မှုခင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

မိုးကောင်း အောက်တိုဘာ ၂၀

ကျောင်းသားလူငယ်များအား ကလေးသူငယ်ဆိုင်ရာ ပြစ်မှုကျူးလွန်မှုများ မဖြစ်စေရေးအတွက် မှုခင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကချင်ပြည်နယ်၊ မိုးကောင်းမြို့ Community centre ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က အဖွင့်အမှာစကားပြောကြားပြီး မိုးကောင်းမြို့မရဲစခန်းမှ ဒုရဲမှူး ဝင်းမင်းသိန်းက ကလေးသူငယ်များ Online Game ကစားခြင်းများလာပြီး အခြား နိုင်ငံရေးနှင့် ပတ်သက်သော ဂိမ်းများ မကစားမိစေရေး၊ Online ပေါ်မှ လိင်ပိုင်းဆိုင်ရာများကို အတုယူ မမှားမိစေရေးနှင့် မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေး အသိပညာများ ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ အ.ထ.က(၁)ကျောင်းမှ Grade-9 ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး တက်ရောက်ပြီး ကျောင်းသား/သူများမှ သိရှိလိုသည်များကို ဒုရဲမှူးက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)