မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မော်လမြိုင် အောက်တိုဘာ ၂၀

မွန်ပြည်နယ်တွင် ၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ရှေဦးစွာ ပြိုင်ပွဲ၀င်အားကစားသမားများက ကွင်းအတွင်းနေရာယူ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားဆောင်ရွက်နေပါကြောင်း၊ သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့ ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများကျင်းပခြင်း၊ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ်အတွင်း ဘောလုံးပြိုင်ပွဲများ ကျင်းပခဲ့မှုအနေဖြင့် (၁၀)မြို့နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနဲ့ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွေကို ကျင်းပပြုလုပ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဘောလုံးအားကစားပြိုင်ပွဲတွေဟာ လူကြိုက်အများဆုံးနှင့် အားပေးမှုအများဆုံးရှိတဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်ရာ ဘောလုံးအားကစား အဆင့်အတန်းမြင့်မားလာရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများပါမကျန် ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဘောလုံးအားကစားနည်းရဲ့ အနှစ်သာရကိုပေါ်လွင်အောင် ယှဉ်ပြိုင်ကစားကြရန်နှင့် နိုင်ငံတော်မှအားထားရတဲ့ အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ဘောလုံးအားကစားဝါသနာရှင်များက ၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားအသက်(၂၅)နှစ် အောက်ကလပ်အသင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် တက်သစ်စ M.P ဘောလုံးကလပ်အသင်းနှင့် L.K.H ဘော်လုံးကလပ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲကို မွန်ပြည်အတွင်းရှိ (၁၀)မြို့နယ်မှ ဘောလုံးကလပ်အသင်း (၁၅) သင်း၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အောက်တိုဘာလ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မွန်ပြည်နယ်တွင် မျိုးဆက်သစ်လူငယ်များ၏ ဗလငါးတန်အား ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရေးကို အထူးအလေးပေးဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွင်း မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး၊ အားကစားနှင့်လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)