မြေပုံ အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီလက်လီ အရောင်းဈေးကားဖြင့် ယမန်နေ့နံနက်(၈)နာရီအချိန်က မြောက်ပိုင်းရပ်ကွက်ရှိ စားသုံးသူ (ပြည်သူများ)သို့ စားသုံးဆီများ လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
စားသုံးသူပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးမည့် စားသုံးဆီများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က စစ်ဆေးကြီးကြပ်လျက် မြောက်ဦးခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး၊ မြေပုံမြို့နယ် စားသုံးဆီ အရောင်းကိုယ်စားလှယ် ဦးသာထွန်းမှ မြောက်ပိုင်းရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးစားသုံးသူပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် ဆီ(၅၅၀)ပိဿာအား လက်လီဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း သိရသည်။
တင်ဝင်း