ဆီဆိုင်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဆီဆိုင် အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ခရီးသွားလုပ်သားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အတွက် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌနှင့် လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆီဆိုင်-တောင်ကြီး ပြည်ထောင်စုလမ်းမဘေး၊ မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ယာဉ်မောင်းနှင်ရာတွင် လမ်းညွှန်အမှတ်အသားနှင့်အချက်ပြမီးအား လိုက်နာဆောင်ရွက်ရေး၊ သတ်မှတ်ထားသည့် ဝန်တင်အားအတိုင်း တင်ဆောင်မောင်းနှင်ပြီး သတ်မှတ်မိုင်နှုန်းထားအတိုင်းသာမောင်းနှင်ရေး၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသည့် ပြည်သူများနှင့် မေးသိုင်းကြိုး တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ဆိုင်ကယ်စီးဦးထုပ်များကို စနစ်တကျ ဆောင်းကြရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့် အချက်များ၊ ယာဉ်အန္တရာယ်ကြောင့် အသက်အန္တရာယ်ထိခိုက်မှုနှင့် ကိုယ်လက်အင်္ဂါထိခိုက်မှု မဖြစ်ပွားရေးအတွက် လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ မော်တော်ယာဉ်မောင်းနှင်ရာတွင် ကားထိုင်ခုံခါးပတ်များကို စနစ်တကျတပ်ဆင်မောင်းနှင်သွားလာကြရန်နှင့် ယာဉ်မောင်းစဉ် လိုက်နာရမည့် အချက်များ၊ လမ်းမကြီးတွင် လိုက်နာရမည့်စည်းကမ်းများကို အသိပညာပေးဆောင်ရွက်ခဲ့ပြီးနောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းကို မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ)ဦးဘစန်းလှနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်ရာရှိ ဦးမောင်မောင်မြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ကျော်နှင့် တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇင်ဘိုဘိုအောင်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)