ဗန်းမော် အောက်တိုဘာ ၂၀
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်မူလတန်းကြိုကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပဒေသာကပွဲကို ညောင်ပင်ရပ်ကွက်ရှိ ဗန်းမော် မူလတန်းကြိုကျောင်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီခန့်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးက "ရှေးဦးကလေးဘဝအရွယ် ဖြစ်သည့် ကိုယ်ဝန်ဆောင်မှ အသက်(၈)နှစ်အရွယ်ရှိ ကလေးများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှုဆိုင်ရာ အသက်အရွယ်အလိုက် ဘက်စုံဖွံဖြိုး တိုးတက်မှုရရှိစေရန်နှင့် ဘဝတစ်သက်တာအတွက် အခြေခံ အလေ့အကျင့်ကောင်းများ ရရှိစေရန် ပြုစုပျိုးထောင်ပေးသော နည်းစနစ်၊ နည်းပညာနှင့် ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း" အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မိုးဆန်းက အမှာစကား ပြောကြား သည်။
ဆက်လက်၍ ဗန်းမော်မူလတန်းကြိုကျောင်း၏ ဘဏ္ဍာရေးမှူး ဦးကျော်သီဟက ငွေစာရင်း ရှင်းတမ်းများကို ဖတ်ကြားတင်ပြသည်။ ထို့နောက် အမှုဆောင်အသစ်များကို အတည်ပြုရွေးချယ်ခဲ့ပြီး အခမ်းအနား ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေးကြသည့် အလှူရှင်များအား ဒေါ်ယဉ်မိုးဆန်းက ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။ ပြီးနောက်တွင် မူကြိုကလေးငယ်များ၏ ပဒေသာကပွဲဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေပေးခဲ့ကြောင်း သိရပါသည်။
ခရိုင်ပြန်/ဆက်