မိုင်းယောင်း အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် စာရေးဆရာ ခင်စောတင့် ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း”အကြောင်းနှင့် “ရှင်သန်တိုးပွားချစ်ခြင်းတရား”အကြောင်းတို့ကို ဖတ်ကြားသည်။
ဆက်လက်၍ Woman Club အသင်းမှ ဒေါ်မိုးမိုးအေးက “မျှော်လင့်ချက်”အကြောင်းနှင့် “မွေးမေမေ ကျွေးမေမေ”အကြောင်းကိုလည်းကောင်း၊ Youth Club အသင်းမှ ဒေါ်နုနုရီက “အမုန်းတို့ဆန့်ကျင်ပြီး အချစ်နှင့်ပေါင်းစည်း၍”အကြောင်းနှင့် “မကြည်လင်တဲ့ စိတ်နေစိတ်ထားတွေကို တွန်းလှန်ကြပါစို့”အကြောင်းကိုလည်းကောင်း၊ Book Club အသင်းမှ ဒေါ်နန်းရှဲန်ရွက်က “သနားကြင်နာမှုသည်သာ”အကြောင်းနှင့် “ချမ်းမြေ့သာယာတဲ့ အိမ်ထောင်ရေး”အကြောင်းကိုလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။
ထို့နောက် မိမိတို့ဖတ်ကြားသည့် အကြောင်းအရာများ၊ ရရှိလာသော အသိပညာဗဟုသုတများ၊ စာဖတ်ခြင်းမှ ရရှိလာသည့် စာပေဆိုင်ရာ အသိအမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း