သာစည် အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကုက္ကိုစုကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် ကွင်းအမှတ်(၁၈၇၃)ရှိ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး စံပြကွက်ဧက (၁၀၀) အား ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင် စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက တောင်သူများနှင့်တွေ့ဆုံပြီး အမှာစကား ပြောကြားရာတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းရည်ရွယ်ချက်များ၊ ဒေသတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တောင်သူများကလည်း အကျိုးဖြစ်ထွန်းရန် စိတ်ဝင်စားစွာဖြင့် ထိရောက်စွာ ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ပြီး နည်းပညာအကူအညီများ ရယူကာ စနစ်တကျစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်းမွန်လာပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းမှာကြားသည်။ ဆက်လက်ပြီး တောင်သူများက စိုက်ပျိုးမှုအခြေအနေများကို တင်ပြကြရာ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။ ထို့နောက် ခရိုင်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့ဝင်များက စိုက်ကွင်းများအား ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်ဧက(၁၀၀)ကို ကုက္ကိုစုကျေးရွာမှ တောင်သူ ၄၄ ဦးတို့က စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)