မအီ အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အ.ထ.က(ခွဲ)တွင် ကွန်ပျူတာနှင့် လေပန်ကာများ လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျောင်း အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဂျီဖြူတောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေဦးက အခမ်းအနားသို့ တက်ရောက်လာသူများအား အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအကျိုးတော်ဆောင် ဦးအောင်တင်ဝင်းမှ အခမ်းအနားဖြစ်ပေါ်လာရခြင်းအကြောင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကွန်ပျူတာနှင့် လေပန်ကာများအား အလှူရှင်များက လွှဲပြောင်းလှူဒါန်းခဲ့ကြရာ အလှူရှင်များကိုယ်စား အလှူရှင် ဦးအောင်ဘစောက မိမိတို့ရပ်ရွာဒေသ အ.ထ.က(ခွဲ)၌ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဝမ်းမြောက်ကြောင်း ပီတိစကားပြောကြားပြီး အထက်တန်းပြဆရာ ဦးထွန်းမင်းစိုးက အ.ထ.က(ခွဲ)ဂျီဖြူတောင်၏ လိုအပ်လျက်ရှိသည့် ကွန်ပျူတာနှင့် လေပန်ကာများကို လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ပြီးမြောက်ခဲ့သည်။
အဆိုပါ ကွန်ပျူတာနှင့် လေပန်ကာများလှူဒါန်းခြင်း အခမ်းအနားဖြစ်ပေါ်လာစေရေးနှင့် အလှူရှင်များပေါ်ပေါက် လာစေရေးအတွက် ဂျီဖြူတောင်ကျေးရွာ အခြေစိုက်အသင်းဝင်ဦးရေ ၅၀၀ ခန့်ရှိသည့် "ဖြေဆည်ရာ" လူမှုကူညီရေး အသင်းမှ ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပူပြင်းသောရာသီများ၌ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်စေရေးအတွက် ရည်ရွယ်ပါကြောင်း၊ မိမိတို့ လူမှုကူညီရေးအသင်းအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား အသင်း၏တတ်နိုင်သည့်အားဖြင့် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိရာ ဂျီဖြူတောင် ကျေးရွာအတွင်း၌ ကျောက်ချေးလမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းပေးခြင်း၊ မီးသင်္ဂြိုဟ်စက်တည်ဆောက်ခြင်းလုပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ရပ်ရွာဓမ္မာရုံတည်ဆောက်ခြင်းလုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းတို့ကို ဖော်ပြပါလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးအောင်ဘစောက ပြောကြားခဲ့သည်။
မောင်မောင်ဌေး(ပြန်/ဆက်)