ကျိုင်းတုံမြို့၌ အာဖရိကဝက်အပြင်းဖျားရောဂါ(ASF) ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်

ကျိုင်းတုံ အောက်တိုဘာလ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ(ASF) ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ကတ်ဖကျေးရွာအုပ်စု၊ နောင်ဟော်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာကောင်းမြတ်ဟိန်း၊ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်၊  မြို့နယ်ဦးစီးမှူး ဒေါက်တာ ခိုင်မြဲစည်သူနှင့် ဝန်ထမ်းများက ကျိုင်းတုံမြို့နယ်ရှိ ကတ်ဖကျေးရွာအုပ်စု၊ နောင်ဟော်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံပြည်သူ (၄၂)ဦးသို့ အာဖရိကဝက်အပြင်းဖျား ရောဂါဖြစ်ပေါ်လာနိုင်မှုနှင့်ပတ်သက်၍  ကြိုတင်သိရှိ ကာကွယ်ထားသင့်သော လုပ်ငန်းစဉ်များကိုလည်းကောင်း၊  ဇီဝလုံခြုံမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ 

ထို့နောက် ကျေးရွာအုပ်စုအတွင်းရှိ ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ပြည်သူများထံသို့ ပိုးသတ်ဆေးဗူးများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်၊ ပြန်/ဆက်)