စစ်တွေ အောက်တိုဘာ ၂၀
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲသို့ ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်အဖွဲ့ဝင်များ စစ်တွေတက္ကသိုလ်၌ စခန်းသွင်းလေ့ကျင့် နေမှုအား ယမန်နေ့ညနေပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်၊ အားကစားလေ့ကျင့်ရေးခန်းမ၌ အကပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင့်နေမှုအား ကြည့်ရှုအားပေးကြရာ အကပြိုင်ပွဲဝင်များက ဗဟို အဆင့်တွင် ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်နေသော အကတီးလုံး၊ တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ကြီးချုပ်က ဗဟိုအဆင့်ပြိုင်ပွဲတွင် ပြည်နယ်၏ဂုဏ်ဆောင် နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နေကြသည့် ပြိုင်ပွဲဝင်များအနေဖြင့် ဆရာ၊ ဆရာမများ၏ သင်ကြား ပေးမှုများကို စနစ်တကျ လေ့လာမှတ်သားကာ ကြိုးစားလေ့ကျင့်ကြစေလိုကြောင်း၊ ဗဟိုအဆင့်ပြိုင်သို့ သွားရောက်ယှဉ်ပြိုင်ကြသည့်အခါတွင်လည်း စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်ဖြင့် နေထိုင်သွားကြစေလိုကြောင်း၊ ထို့အတူ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များနှင့်လည်း ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး ပေါင်းသင်းနေထိုင်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်ပြီး ပြန်လာသည့်အချိန်တွင်လည်း ဆုတံဆိပ်များကိုယ်စီဖြင့် အပြုံးပန်းများဝေဆာကာ ပြန်လည်ရောက်ရှိ နိုင်ကြပါစေကြောင်း၊ ယခုကပြဖျော်ဖြေကြသည့် ပြိုင်ပွဲဝင်များ၏ ကပြမှုများသည်လည်း ညီညီညာညာ ကပြသွားကြသည်ကို တွေ့ရပါကြောင်း၊ ပြိုင်ပွဲဝင်ရောက်ရာတွင် အပြုံးကိုယ်စီဖြင့် စည်းစနစ်တကျ ကပြကြစေလိုကြောင်း၊ လေ့ကျင့်ကပြသွားသည့်ကကွက်များသည်လည်း ကောင်းမွန်မှုရှိသည်ကို တွေ့ရှိရကြောင်းနှင့် ပြိုင်ပွဲဝင်များ၏ အောင်မြင်မှုသတင်းကောင်းကို စောင့်မျှော်နေမည်ဖြစ်ကြောင်း အားပေးစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင်များအား ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် အာဟာရဖြည့်စွက်စာများကို ပေးအပ်ကြပြီး ပြိုင်ပွဲဝင်များကို ရင်းရင်း နှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်၊ လေ့ကျင့်ရေးခန်းမများ၌ အဆို၊ အတီး၊ အရေးပြိုင်ပွဲဝင်များက ဗဟိုအဆင့်ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးကြကာ ပြိုင်ပွဲဝင်များအား ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် အာဟာရဖြည့်စွက်စာများကို ပေးအပ်ကြသည်။
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စစ်တွေတက္ကသိုလ်၌ ပြိုင်ပွဲဝင် ၈၆ ဦးကိုစခန်းသွင်း လေ့ကျင့်လျက်ရှိကြောင်းသိရသည်။
တင်ထွန်း