မချမ်းဘော အောက်တိုဘာ ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးလာစေရန်နှင့် မြန်မာစကားပုံများကို လေ့လာသိရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီလွင်က "လူငယ်နှင့်ပြည်သူ့နီတိ" ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောရာတွင် ကျောင်းသားလူငယ်များအနေဖြင့် ငယ်စဥ်မှစ၍ လူသားတို့ လိုက်နာကျင့်သုံးအပ်သော ကျင့်ဝတ်များကို လိုက်နာကျင့်သုံးကြရန်၊ စည်းကမ်းကျနစွာ နေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စကားပုံဆက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အ.ထ.က (မချမ်းဘော)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အုပ်စု (၃)စုခွဲကာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ ၃၄ ဦးတို့က ခင်းကျင်းပြသထားသော သုတရသစာအုပ်များ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)