သထုံ အောက်တိုဘာ ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် တရားဝင်မှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိဘဲ တရားမဝင်တင်သွင်းဖြန့်ချီလျက်ရှိသည့် ဆေးဝါးရောင်းချခြင်းများ ရှိ/မရှိကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်းကာ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် တရားဝင်တင်သွင်းရောင်းချလျက်ရှိသည့်ဆေးနှင့် ပုံစံတူပြုလုပ်ထားပြီး တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုချက်အမှတ်မပါရှိဘဲ တရားမဝင် တင်သွင်းဖြန့်ချီနေသည့် Parbisure အမှတ်တံဆိပ် IV/ HV Injection ဆေးဝါးများကို ဈေးကွက်အတွင်း တရားမဝင် တင်သွင်းဖြန့်ဖြူးရောင်းချခြင်း၊ သိုလှောင်ထားခြင်း ရှိ/မရှိ စစ်ဆေးပြီး တရားမ၀င်တင်သွင်းဖြန့်ချီနေသည့် ဆေးဝါးများအား ရောင်းချပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပညာ ဆွေးနွေးပြောကြားခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် သထုံမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ အဆိုပါ တရားမဝင်တင်သွင်းဖြန့်ချီလျက်ရှိသည့် ဆေးဝါးရောင်းချခြင်းမရှိကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ခရိုင် (ပြန်/ဆက်)