ပေါင် အောက်တိုဘာ ၂၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်လျက်ရှိရာ လေဘေး၊ ရေဘေးအန္တရာယ်များအပြင် အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်းများကို ကမ္ဘာပေါ်ရှိအခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း တွေ့ကြုံခံစားနေရပါကြောင်း၊ ၂၀၂၃ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလမှစ၍ အယ်လ်နီညို ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များကြောင့် အပူလွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ တောမီးလောင်ခြင်းများဖြစ်ပေါ်စေနိုင်ခြင်း၊ အယ်လ်နီညို ရာသီဥတုသက်ရောက်မှုကြောင့် တိရစ္ဆာန်များတွင်အစာများရှားပါးခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်း စသည့်ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သဖြင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် မွေးမြူရေး ဆောင်ရွက်နေသောတောင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့် အချက်များဖြစ်သည့် အချက် (၁၀) ချက်ကို အသိပေးရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက အယ်လ်နီညို ဖြစ်စဉ်နှင့်ပတ်သက်၍ သိလိုသည်များမေးမြန်းခဲ့ကြရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာသက်နိုင်က ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)