နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေသီးနှံ/ နွေစပါး ပိုမိုအောင်မြင်စွာ လျာထားစိုက်ပျိုးနိုင်ရေးအတွက် ငလိုက်ဆည် ရေသောက်စနစ်ရှိ ရေသောက်တောင်သူများ (WUG) နှင့် တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေသီးနှံ/ နွေစပါး ပိုမိုအောင်မြင်စွာ လျာထားစိုက်ပျိုးနိုင်ရေးအတွက် ငလိုက်ဆည် ရေသောက်စနစ်ရှိ ရေသောက်တောင်သူများ (WUG) နှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းအနီးရှိ ရှင်းလင်းဆောင်၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားရာတွင်  နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ကုန်ထုတ်လုပ်ငန်း တိုးမြှင့်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် ထိခိုက်နိုင်ပါသဖြင့် ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးသီးနှံများကို လျာထားသည့် သီးထပ်စွမ်းအား တိုးတက်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ပြီး စိုက်ပျိုးစွမ်းအားများ တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သီးနှံအားလုံး ရည်မှန်းချက်ပန်းတိုင် အထွက်နှုန်း ထွက်ရှိနိုင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းကို စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လယ်ယာမြေများကို လစ်လပ်မှု မရှိအောင်စီမံပြီး စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊ ထို့အပြင် မြေဆီလွှာများ ပျက်စီးမှု မရှိအောင် ထိန်းသိမ်းသည့် စနစ်ကို လက်တွေ့ကျကျ လိုက်နာဆောင်ကြရမှာဖြစ်ကြောင်း၊ ဆောင်းသီးနှံ၊ နွေစပါးနှင့် နွေသီးနှံများကို လျာထားချက် ပြည့်ပြည့်ဝဝ စိုက်ပျိုးနိုင်ရန်အတွက် လာရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ဆည်ရေများကို အကျိုးရှိစွာ သုံးစွဲရမှာဖြစ်သည့်အတွက် တောင်သူများ ပါဝင်သည့် အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ပြီး ရေကိုလေလွင့်မှု မရှိအောင် ညီညီညွတ်ညွတ် မျှမျှတတ သုံးစွဲကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ၊ မွေးမြူရေး ထွက်ကုန်များ ယခုထက် တိုးတက်ထွက်ရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ တောင်သူများ ဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ငလိုက်ဆည် ရေသောက် နွေသီးနှံ၊ နွေစပါး ရေပေးဝေနိုင်မှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြပြီး ငလိုက်ဆည် ရေသောက်တောင်သူ (WUG)များမှ နွေစပါး၊ နွေသီးနှံ စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားပြီး တဲကြီးကုန်းကျေးရွာအနီးရှိ အောင်မြင်ဖြစ်ထွန်းနေသည့် မိုးစပါး စိုက်ခင်းများ၊ သဘာဝမြေဩဇာ ပြုလုပ်သည့် မြေဆွေးပုံအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)