ရန်ကုန် အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီက နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှသာ သွားလာကြရမည်ဟု ကြေညာထားပြီး ဖြစ်သော်လည်း မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူတစ်ချို့မှာ လိုက်နာ ဆောင်ရွက်မှု အားနည်းနေသေးသဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွနေရာများ အပါအဝင် လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာနေသူများအား ချက်ချင်းဝယ်၊ ချက်ချင်းတပ် ပုံစံဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြသည်။
"ယခုလို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ မြို့နယ်အတွင်း သွားလာနေသူများအား ချက်ချင်းဝယ်၊ ချက်ချင်းတပ် ပုံစံဖြင့် ပညာပေး အရေးယူ ဆောင်ရွက်တာဟာ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးတယ်လို့လည်း ပြောလို့ရပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်းမြင့်မားနေတဲ့အချိန်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ နေထိုင်စားသောက်ကြမှသာ ဒီကိုဗစ်-၁၉ ရောဂါ ကပ်ဆိုးကြီးကို ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်" ဟု ပြည်သူတစ်ဦးက ၎င်းရဲ့အမြင်ကို ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီမှ တာဝန်ရှိသူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသွားလာသည့် အခါများနှင့် အလုပ်ခွင်၌ အလုပ်လုပ်သည့် အချိန်များတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အကျင့်များ လျော့နည်းသည့် ပြည်သူများကို ချက်ချင်းဝယ်၊ ချက်ချင်းတပ် ပုံစံဖြင့် အရေးယူ ဆောင်ရွက်ခြင်းများအပြင် ကိုဗစ်-၁၉နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက်လည်း အသိပညာပေးခြင်းများကိုပါ တစ်ပါတည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)