ကျောက်ဆည် အောက်တိုဘာ ၁၉
ခရိုင်ပေါင်းစုံ အသက်(၂၅)အောက် (အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် Myanmar Fitness Dance ပြိုင်ပွဲတို့တွင် မန္တလေးတိုင်းဒေသကြီးအဆင့် ပထမဆုရရှိခဲ့သည့် ကျောက်ဆည်ခရိုင် အားကစားအသင်းအား ကျောက်ဆည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၂၅)အောက် Myanmar Fitness Dance ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမျိုးသမီးအားကစားအသင်းအား ကျောက်ဆည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွဲ့ဝေလွင်က ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၂၅၀,၀၀၀)ကို လည်းကောင်း၊ ခရိုင်ပေါင်းစုံအသက်(၂၅)အောက် အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့့် အမျိုးသမီအားကစားအသင်းအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ပေါက်ပေါက်က ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၂၅၀၀၀၀)ကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကျောက်ဆည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးနှင့် အားကစားသမားများ၊ ကျောက်ဆည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွဲ့ဝေလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်တင်ထွေး