နမ္မတူမြို့နယ်၌ အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထိုးနှံပေး

နမ္မတူ အောက်တိုဘာ ၂၁

နမ္မတူမြို့နယ်တွင် အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များကို (HPV)ရောဂါပိုးကြောင့် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင် ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် (၁)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရှိ နားနေဆောင် ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက် က  သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုအခြေအနေများ၊ ကမ္ဘာတစ်ဝန်းလုံး အသက်အလိုက်တွက်ချက်ထားသော သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းများ၊ အိတ်ချ်ပီဗီပိုးကူးစက်ပျံ့နှံ့ခြင်း၊ အိတ်ချ်ပီဗီပိုးကူးစက်ပြီး ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများ၊ အိတ်ချ်ပီပိုးနှင့် ကင်ဆာများဆက်စပ်ပုံ၊ သာအိမ်ခေါင်းကင်ဆာအထိ ဆက်လက်ဖြစ်ပေါ်လာပုံ၊ သားအိမ်ခေါင်းကင်ဆာရောဂါ လက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက်တွဲ ပြဿနာများ၊ သာအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်းနှင့် ကုသခြင်း၊ အိတ်ချ်ပီဗီကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်းနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

နမ္မတူမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား အသက် (၉)နှစ်မှ (၁၀)နှစ် အတွင်းရှိ မိန်းကလေးငယ် (၄၆၀)ဦးခန့်အား ပထမအကြိမ်အဖြစ် အောက်တိုဘာလ (၂၀)ရက်နေ့မှစတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် အောက်တိုဘာလအတွင်း အပြီး ထိုးနှံပေးသွားမည်ဖြစ်ပြီး  နောက် (၁၂)လအတွင်း ဒုတိယအကြိမ်ထိုးနှံခြင်း ပေါင်း (၂)ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကာ ထိုးနှံပြီးပါက သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုအား ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက် အဖြစ်များဆုံးကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သောအမျိုးသမီးများတွင် ဒုတိယမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ကာ (၂၀၁၈)ခုနှစ် စာရင်းများအရ သားအိမ်ခေါင်း ကင်ဆာသည် ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ် အမျိုးသမီး (၅၆၉၈၄၇)ဦးဖြစ်ပွားပြီး သေဆုံးသူ (၃၁၁၃၆၅)ဦး ရှိကာ သေဆုံးသူများ၏ (၈၅)ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)