ကျောက်ဖြူ အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ ခရိုင်ပညာရေးမှူး နှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဘောလုံးပွဲဝါသနာရှင် ပြည်သူများမှ တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးကြသည်။
ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်လာသော ပြိုင်ပွဲဝင်အသင်းများကို အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်မှစတင်ကျင်းပလျက်ရှိရာ ပထမပွဲစဉ်အနေဖြင့် အ.ထ.က(စနဲ)ဘောလုံး အသင်းနှင့် အ.ထ.က(ဇင်ချောင်း) ဘောလုံးအသင်းတို့သည် ကွာတားဖိုင်နယ်ပွဲစဉ်များဖြစ်သည်နှင့် အညီ တစ်ဘက်နှင့်တစ်ဘက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး မိနစ်(၉၀) ပွဲပြီးဆုံးချိန်ထိ တစ်ဘက် တစ်ဂိုးစီဖြင့် သရေကျခဲ့ရာ အချိန်ပိုကစားခဲ့ရပြီး အ.ထ.က(စနဲ)ဘောလုံးအသင်းမှ အ.ထ.က (ဇင်ချောင်း) ဘောလုံးအသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်ခဲ့သည်။ အလားတူ ဒုတိယပွဲစဉ်အဖြစ် ညနေ ၄ နာရီတွင် အ.ထ.က(ဂုံးချွိန်)ဘောလုံးအသင်းနှင့် အ.ထ.က (အောက်မဒေးကျွန်း) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အ.ထ.က(ဂုံးချွိန်)ဘောလုံးအသင်းမှ အ.ထ.က(အောက်မဒေးကျွန်း) ဘောလုံးအသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့သည်။
အဆိုပါ ကျောက်ဖြူမြို့နယ် ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း (၂၀) သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင် ကစားကြပြီး ပြိုင်ပွဲကို စက်တင်ဘာလ (၂၆)ရက်နေ့စတင်၍ အောက်တိုဘာလ(၂၃)ရက်နေ့ထိ ကျင်းပ ပြုလုပ်လျက်ရှိရာ ကွားတာဖိုင်နယ်အဆင့် ပြိုင်ပွဲများကို အောက်တိုဘာ (၁၈)ရက်နေ့နှင့် (၁၉) ရက်နေ့များတွင်လည်းကောင်း၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို အောက်တိုဘာ (၂၁)ရက်နေ့တွင်လည်းကောင်း၊ ဗိုလ်လုပွဲ(ဖိုင်နယ်)ပွဲစဉ်အား အောက်တိုဘာ (၂၃)ရက်နေ့တွင်လည်းကောင်း ကျင်းပသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း