ညောင်ဦး အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ မလာဖြစ်ဂူဘုရားတွင် အလွန်ရှေးကျသည့် ပုဂံခေတ်နံရံပန်းချီများ၊ ကျောက်စာချပ်နှင့်ဘုရား မလာဖြစ်ဂူဘုရားအပြင်တွင် လက်ရာကောင်းမွန်လှသည့် ဘီလူးပန်းဆွဲရုပ်၊ ခြင်္သေ့ပန်းဆွဲရုပ်နှင့်မနုဿီဟပန်းဆွဲရုပ်များ၊ ဘုရားကြီးတည်ဆောက်ပုံဗိသုကာပညာရပ်ကို လေ့လာနိုင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများထံကသိရသည်။
မလာဖြစ်ဂူဘုရားသည် နရသီဟပတေ့ ဂူဘုရားတံတိုင်းနှင့်မင်းဝိုင်းအစု တံတိုင်းအကြားရှိ လှည်းလမ်းအတိုင်း အနောက်မြောက်ဘက်သို့လာရပြီး မဝေးသောနေရာတွင် မလာဖြစ်တံတိုင်းသို့ရောက်ရှိသည်။ မလာဖြစ်ဂူဘုရားမှာ တံတိုင်း၏အရှေ့တောင်ထောင့်တွင် တည်ရှိပြီး တံတိုင်းကြီး၏အနောက်တောင်ထောင့်တွင် အုတ်ကျောင်းပျက်ကြီးတည် ရှိလေ့လာနိုင်သည်။ မလာဖြစ်ဂူဘုရားအတွင်းရှိ ကျောက်စာအရ သက္ကရာဇ် ၆၃၆ ခုတွင် သီရိတြိဘဝနာဒိစ္စပဝရဓမ္မရာဇာ နရသီဟပတေ့မင်း၏ အမတ်တျာ ထိုအမနာမြေအရပ်တွင် တံတိုင်း၊ ဂူဘုရား၊ ကုလားကျောင်း၊ ကျောင်းကြီး၊ တန်ဆောင်း၊ ကပ္ပိယကုဋီစသော အဆောက်အအုံများတည်ဆောက်ခဲ့ကြောင်းသိရသည်။ ထိုကျောက်စာတွင်ပင်တကာကြီး မ္လဖြစ်ဟု ပါရှိသောကြောင့် ထိုအမတ်တျာ၏အမည်မှာ မ္လဖြစ်(မလာဖြစ်)ဟုယူဆပြီး ဂူဘုရားကိုလည်း ခေါ်တွင်ခဲ့ဟန်ရှိကြောင်း သိရသည်။ ဂူဘုရားအတွင်းတွင် ပုဂံခေတ်နံရံပန်းချီများမှာ ဆေးရောင်များ မှေးမှိန်နေသော်လည်း ရေးဆွဲထားသည့် ဆိုလိုရင်းအကြောင်းအရာများကို လေ့လာတွေ့ရှိနိုင်သည်။ အမိုးခုံးများတွင် ဆင်းတုပုံများ ပန်းနှင့်ရော၍ လှပစွာ ရေးဆွဲထားသည့် နံရံပန်းချီများကိုလေ့လာတွေ့ရှိနိုင်သည်။ ဘုရားကြီးဂူအပြင်ဘက်တွင်လည်း လှပစွာရေးဆွဲထားသည့် အင်္ဂတေပန်းများ၊ ပန်းဆွဲဘီလူးရုပ်၊ ခြင်္သေ့ရုပ် ၊ပန်းဆွဲပန်းပုံများ၊ မနုဿီဟပုံများရေးဆွဲထားပြီး ဘုရားအတွင်း ကျောက်စာတစ်ချပ်နှင့် မလာဖြစ်ဂူဘုရားတည်ဆောက်ပုံ ဗိသုကာပညာရပ်များကိုလေ့လာနိုင်ကြောင်း သိရသည်။
မလာဖြစ်ဂူဘုရားတောင်ဘက်တွင် နရသီဟပတေ့ဘုရား၊ ဘုရားသုံးဆူ၊ သမ္ဘူလဘုရား၊ အရှေ့ဘက်တွင်သိင်္ဃသူ့သမီးကျောက်စာ၊ အရှေ့မြောက်ဘက်တွင်ဝိနည်းဓိုလ်ဘုရား အစုအဝေး၊ အနောက်ဘက်နှင့်မြောက်ဘက်တို့တွင် မလုံးဖြစ်ဂူဘုရား၊ သင်္ဃန်းရုံဂူဘုရား နှင့်လက်ပွတ်ကန်ဂူဘုရားတို့ကို တဆက်တစပ်တည်းလေ့လာဖူးမြော်နိုင်ကြောင်းသိရသည်။
ဒီပါလင်း