ငါန်းဇွန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ငါန်းဇွန်     အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက မိသားစုတစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရန်၊ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းသို့ တက်ရောက်လာသော မြို့ပေါ်ရပ်ကွက်များမှ သင်တန်းသား အမျိုးသမီး (၁၅)ဦးအား စေတနာရှင်သင်တန်းနည်းပြ ဆရာမ ဒေါ်မို့မို့စံက ဆပ်ပြာဆီပြုလုပ်ပုံ နည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ခြင်း၊ အသိပညာပေးဟောပြောခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ကျင်းပခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)