ကျိုက်မရော အောက်တိုဘာ ၁၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၏ ဒေသထွက်ကျွဲကောသီးများယခင်နှစ်ကထက် အထွက်နှုန်း ကောင်းကာ စျေးကောင်းလည်းရရှိနေသဖြင့် ကျွဲကောသီးတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများ မိသားစုဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ကျွဲကောသီးကို စီးပွားဖြစ်စိုက်ပျိုးသူများလည်းရှိရာ ဘိန်းဗျောကျေးရွာ ဒေသထွက်ကျွဲကောသီးအဖြူမျိုးမှာ အလုံးလည်းလှပြီး အရသာမှာလည်းချိုမြ သဖြင့် လက်ဆောင်ပေးရာ၌ အထူးအသုံးဝင်သည့်အသီးနှံ တစ်မျိုးဖြစ်ပြီး မိုးအကုန်ဆောင်းအကူး ရာသီ၌လှိုင်လှိုင်ထွက်ရှိကာ မိမိပြည်နယ်တွင်းသာမက အခြားသောမြို့ကြီးများသို့ပင် တင်ပို့ရောင်းချနေရပြီး စျေးကွက်အတွင်း စျေးကောင်းလည်းရရှိနေကြောင်းသိရသည်။
ယခုနှစ်တွင် ကျွဲကောသီး တစ်လုံးလျှင် အသေးတစ်လုံးကို ၂၀၀၀ ကျပ်ရရှိပြီး အကြီးတစ်လုံးလျှင် ၄၀၀၀ ကျပ်ထိရရှိနေပြီး တစ်ကြိမ်ခူးလျှင် အလုံး ၁၅၀ ထိရရှိပြီး တစ်ကြိမ်ခူးလျှင် ဝင်ငွေသုံးသိန်းခန့်ရရှိသဖြင့် မိသားစုစားဝတ်နေရေးအတွက် အထောက်အထားအများကြီးရရှိကြောင်း ကျိုက်မရောဒေသထွက် ကျဲကောသီးများမှာ အောက်တိုဘာလကုန်ပိုင်းတွင် လှိုင်လှိုင်ထွက်ရှိသဖြင့် ဝါကျွတ်လက်ဆောင်ပေးရာတွင် ထည့်သွင်းပေးလေ့ရှိကြပြီး ကျိုက်မရောဒေသထွက်ကျောက်စိမ်းသီးမျိုးဆိုလျှင် ရန်ကုန်၊ မန္တလေးမြို့ကြီးများထိ တင်ပို့ရောင်းချလျက်ရှိကြောင်း ကျွဲကောသီးကိုစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်သူ ခြံရှင်ဦးမြင့်စိုး၏ပြောပြချက်အရ သိရသည်။
ကျွဲကောသီးကို စားသုံးပေးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းခြင်း၊ သွေးကျဲခြင်းပင်ပန်းနွမ်းလျခြင်းအိပ်မပျော်ခြင်း၊ လည်ပင်းနာခြင်းနှင့် ဆီးချိုရောဂါရှိသူများသက်သာ ပျောက်ကင်းစေသဖြင့် လူတိုင်းစားသုံးသင့်ကြောင်း ဆေးပညာအဆိုများအရ သိရသည်။
မိချို (ပြန်/ဆက်)