လားရှိုး အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရပ်ကွက်၊ကျေးရွာပေါင်းစုံ အသက် (၂၅) နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက လားရှိုးမြို့ အားကစားရုံတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရပ်ကွက်၊ကျေးရွာပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
ဘောလုံးပြိုင်ပွဲသို့ အသင်းပေါင်း ၂၀ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆု ငါးသိန်းကျပ်၊ဒုတိယဆု သုံးသိန်းကျပ်နှင့် နေရာအလိုက် အကောင်းဆုံးဘောလုံးသမားဆုများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)