ချောင်းဆုံ အောက်တိုဘာ ၁၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မိုးစပါး (၆၅၂၄၂)ဧက၊နွေစပါး(၁၂၄)ဧက ၊ ဆီထွက်သီးနှံ (၃၂၇၆)ဧက နှင့် ပဲအမျိုးမျိုး (၄၃၃၀)ဧက စုစုပေါင်း(၇၂၉၇၂)ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မိုးစပါးကို လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကများ အောင်မြင်ဖြစ်ထွန်းသည့်အတွက် တောင်သူများကျေနပ်အားရလျက်ရှိကြောင်း သိရသည်။
တောင်သူများ စပါး၊ဆီထွက်သီးနှံ နေကြာနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် တစ်ဧက အထွက်နှုန်းတိုးတက်ရေးနှင့် လျာထားဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာများ ပညာပေးဆွေးနွေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းအားစု ဓါတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြန့်ဖြူးပေးခြင်းနှင့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို ဖြန့်ဖြူးပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးကျော်လွင်က ပြောကြားသည်။
ချောင်းဆုံမြို့နယ်တွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာအဖြင့် ဒေါင်းရပ် အရှေ့ကျေးရွာမှ စိုက်ဧက(၃၀၀)ဖော်ဆောင် စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ၊ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်စမ်းသပ်ကွက် စိုက်ဧက(၁၀၄)ဧက စိုက်ပျိုးထားရှိကြောင်းနှင့် သဘာဝမြေဩဇာတိုးချဲ့အသုံးပြုနိုင်ရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်လုပ် စိုက်ပျိုးခြင်းကိုလည်း (၁၀)ဧက စိုက်ပျိုးသွားရန် စီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သူဇာ(ပြန်/ဆက်)