မိုင်းဆတ်မြို့နယ်၊ အ.ထ.က(ခွဲ)မိုင်းတွမ်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပပြုလုပ်

မိုင်းဆတ် အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းကျေးရွာရှိ အ.ထ.က(ခွဲ) မိုင်းတွမ်းကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ယမန်နေ့နံနက်(၉)နာရီခွဲက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(ခွဲ)မိုင်းတွမ်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပပဆွေတင့်က အဖွင့်အမှာစကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် အဖွဲ့အစည်းအတွင်းပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် စကားပြောစွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Grade-10 ကျောင်းသား မောင်အားကိုက "လူငယ်နှင့်မူးယစ်ဆေးအန္တရာယ်" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်မင်းခန့်ကိုက "လူငယ်နှင့်စိတ်ဓာတ်ရေးရာ"ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade-10ကျောင်းသူ မဖြိုးသန္တာသောင်းက "လူငယ်နှင့်စာဖတ်ခြင်း"ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မလင်းသီရိအောင်က "လူငယ်နှင့်စိတ်ဓာတ်ရေးရာ"ခေါင်းစဥ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့်ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးခဲ့ကြသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်နှင့် အ.ထ.က(ခွဲ) မိုင်းတွမ်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပပဆွေတင့်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးဆိုးကျိုး အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြပြီး သုတ၊ရသစာအုပ်စာစောင်များကိုလည်း ငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)