ကျောက်တံတားမြို့နယ်တွင် ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေး

ကျောက်တံတား အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ရပ်ကွက်နေပြည်သူလူထုအခြေပြုလျက် အသက်(၉)နှစ်ပြည့်ပြီးနှင့် အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးခြင်းကို အောက်တိုဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ (၃၅)လမ်း(အထက်)ရှိ ဓမ္မရံသီဓမ္မာရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုးလင်းထူးနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီးနှင့် အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား ကာကွယ်ဆေးနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားကာ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)များကို စနစ်တကျ ထိုးနှံပေးရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်မာမာစိုးနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ကျောက်တံတားမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို အခြေခံပညာကျောင်းများကို အခြေပြု၍ အမျိုးသမီးငယ်(၁၂၅)ဦးကို စက်တင်ဘာလအတွင်းက ထိုးနှံပေးနိုင်ခဲ့ပြီး ယခုအောက်တိုဘာလ တတိယအပတ်တွင် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးခြင်းဖြစ်ကာ ကြက်ခြေနီအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်တာဝန်ရှိသူများမှ လာရောက်ပူးပေါင်းကူညီခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံလိုပါက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယခုလမကုန်မီ လာရောက်စာရင်းပေးထိုးနှံနိုင်ကြောင်း သိရှိရပါသည်။

မောင်အေးချမ်း