ယူနန် - မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရန် ဆွေးနွေး

လမ်းမတော် အောက်တိုဘာ  ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ အထွေထွေကုန်သည်များအသင်း Yunnan Provincial General Chamber of Commerce (YPGCC)၏ဥက္ကဋ္ဌ  Dr. Gao Feng ဦးဆောင်သော ယူနန်စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုတိုးမြှင့်ရန်အတွက်  ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၁၇)ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၌ နှစ်ဖက်လုပ်ငန်းရှင်များအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

ယူနန်ပြည်နယ်သည် ကမ္ဘာ့စီးပွားရေးအဆင့် (၃၇)တွင်ရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်သောနေရာတစ်ခုဖြစ်သည်။  ယူနန်ပြည်နယ်သည် Belt and Road Initiative တည်ထောင်ရာ ဆုံမှတ်တစ်ခုလည်းဖြစ်ပြီး လုပ်ငန်းကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရာ နေရာဖြစ်သည်။ မြန်မာနိုင်ငံသည်ယူနန်ပြည်နယ်၏ ပထမအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ပထမအကြီးဆုံးသွင်းကုန်အရင်းအမြစ်နှင့်ပို့ကုန်ဈေးကွက်လည်းဖြစ်သည်။ ယူနန်-မြန်မာအကြားသွင်းကုန်တန်ဖိုးမှာ တရုတ်ယွမ်ငွေ(၄၉.၄၄)ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ ငွေကြေးကဏ္ဍမဟုတ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(၁၉၀)ကို တည်ထောင်ခဲ့ကြောင်း သိရှိရသည်။

ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌဦးအေးဝင်းက “ယူနန်ပြည်နယ်သည်မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုအရရော၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအရရောအရေးပါပါတယ်၊ မြန်မာနိုင်ငံရဲ့အဓိကထွက်ကုန်ဖြစ်တဲ့စိုက်ပျိုးရေးထွက်ကုန် အများစုက တရုတ်ပြည်ကို တင်ပို့တာဖြစ်ပါတယ်။ တရုတ်ပြည်သို့ ပို့ကုန်တိုးမြှင့်တင်ပို့တဲ့အခါမှာ သွင်းကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့  YPGCC က ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုပါတယ်၊ မြန်မာနိုင်ငံတွင်စွမ်းအင်ကဏ္ဍအပါအဝင်လုပ်ငန်းကဏ္ဍအများအပြားမှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ ဖိတ်ခေါ်လိုပါတယ်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကုန်သွယ်မှုတိုးမြှင့်နိုင်ဖို့ ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုထားတဲ့ အသင်းချုပ်နဲ့ YPGCC ရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်၊ အသင်းအဖွဲ့အချင်းချင်း ရင်းရင်းနှီးနှီးဆက်ဆံ၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

ကျော်ဆန်းမြင့်