ဇမ္ဗူသီရိမြို့နယ်၌ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အသိပေးရှင်းလင်း

ဇမ္ဗူသီရိ အောက်တိုဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်းနှင့် ပတ်သက်၌ အသိပေးရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အသိပေးရှင်းလင်းရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်းဗီဒီယိုအားပြသခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် (HPV) ကာကွယ်ဆေး စတင် ထည့်သွင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည့်ဗီဒီယိုအား ပြသခြင်း၊ (HPV) ကာကွယ် ဆေးထိုးနှံခြင်း ပညာပေးဗီဒီယိုအား ပြသပြီးနောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အုပ်စိုးလင်းက အသက်(၉) နှစ်မှ (၁၀) နှစ် အထိ မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV) ကာကွယ်ဆေးထိုးနှံပေးရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့ပေါ်ရှိ အသက်(၉) နှစ်မှ (၁၀) နှစ်အတွင်း ရှိ မိန်းကလေးငယ် (၁၄) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်း၍ ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၃၁ ရက်အတွင်း မွေးဖွားသည့် အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်းရှိ မိန်းကလေးငယ်ပေါင်း (၁၀၆၅) ဦးအား အောက်တိုဘာလ (၂၀) ရက်နေ့မှ စတင်၍ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။

အဆိုပါ အသိပေးရှင်းလင်းပွဲသို့ ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်စမ်းတင့်နှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် ဌာနဆိုင်ရာများ၊ ရက်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)