မုဒုံမြို့၌ စျေးကွက်အတွင်း တရားမဝင်တင်သွင်းဖြန့်ချိသော ဆေးဝါးများအား ကွင်းဆင်းစစ်ဆေး

မုဒုံ အောက်တိုဘာ ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင်  ဆေးဝါးမှတ်ပုံတင် ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်တင်သွင်းဖြန့်ချိလျက်ရှိသည့် ဆေးဝါးများကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ စျေးကွက်ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝင်းလွင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးစည်သူ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကြီးကြပ်-၁ ဦးစောချစ်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက စျေးကွက်အတွင်း Pabrinex(lv/Hv) Injection ဆေးဝါးနှင့်ဘူးခွံဒီဇိုင်းဆင်တူပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်နှင့် တရားမဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ် DRC နံပါတ်နှင့် Insert ပါရှိခြင်း မရှိသော Parbisure အမှတ်တံဆိပ်ဆေးဝါးများရောင်းချနေမှု ရှိ/မရှိ၊ တိုင်းရင်းဆေးများတွင် ကုန်အညွှန်းအမှတ်အသားများပါရှိမှု ရှိ/မရှိတို့ကို မြို့နယ်အတွင်းရှိ ဆေးဆိုင်သုံးဆိုင်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား အသိပညာပေးပြောကြားကာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)