မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာရှိ ဇေတဝန်တပ်ဦး ဘုန်းတော်ကြီးကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မိုင်းဆတ် အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ် ကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာရှိ ဇေတဝန်တပ်ဦး ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် (၉)နာရီခွဲက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းတွမ်းတောင်ပေါ် ကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းလှက အဖွင့်အမှာစကား ပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ Grade-9 ကျောင်းသူ မနန်းထိုက်စိုပြေက “လူငယ်နှင့်မူးယစ်ဆေးအန္တရာယ်”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မနန်းရွှေရည်က “လူငယ်နှင့်အောင်မြင်ခြင်း” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade-10 ကျောင်းသား မောင်အာမဲက “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade-9 ကျောင်းသူ မလမင်းငယ်က “လူငယ်နှင့်စိတ်ဓာတ်ရေးရာ” ခေါင်းစဥ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်နှင့် အ.ထ.က(ခွဲ) မိုင်းတွမ်းကျောင်းမှ ဆရာမ ဒေါ်နွေးနွေးအောင်တို့က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ လူငယ်စကာဝိုင်းသို့ မိုင်းတွမ်းတောင်ပေါ် ကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေပြည်သူများနှင့် အ.ထ.က(ခွဲ)မိုင်းတွမ်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)