ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ တတိယအကြိမ်မြောက် နာဂပုရသာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဟိုပုံး အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းကြီးမှ ကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ တတိယအကြိမ်မြောက် နာဂပုရသာ မဏေကျော်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည်။

အစည်းအဝေးတွင် နမောတဿအစချီသော ဗုဒ္ဓပဏာမဂါထာဖြင့် ဖွင့်လှစ်ပြီးနောက် နာဂပုရသာ သနာလင်္ကာရအသင်းကြီး၏ အတွင်းရေးမှူး၊ နောင်တောင်းဗုဒ္ဓကောလိပ်ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တနိမ္မလအား သဘာပတိဆရာတော်အဖြစ် တင်မြှောက်၍ သဘာပတိဆရာတော်၏ အဖွင့်ဩဝါဒစကားမိန့်ကြားသည်။ ထို့နောက် နာဂပုရသာသနာလင်္ကာရအသင်းကြီး၏ အမှုဆောင်၊ သာသနာလင်္ကာရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာလင်္ကာရက ပညာရေးအခြေအနေများ၊ နာဂပုရသာသနာလင်္ကာရအသင်းကြီး၏ ဘဏ္ဍာထိန်း ဦးခွန်ကျော်ဝင်းက ဘဏ္ဍာရေးအခြေအနေများ၊ နာဂပုရသာသနာလင်္ကာရအသင်းကြီး၏ အမှု‌ဆောင်၊ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရာဇိန္ဒသိရီက စာပွဲတော်ပြင်ဆင်နေမှု အခြေအနေများကို တင်ပြလျှောက်ထားသည်။ ယင်းနောက် နာဂပုရသာသနာလင်္ကာရအသင်းကြီး၏ အမှုဆောင်၊ လဲင်းကလကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသံဝရက စာပွဲတော်နှင့်ပတ်သက်၍ ဖြည့်စွက် တင်ပြလျှောက်ထားပြီးနောက် နာဂပုရသာသနာလင်္ကာရအသင်းကြီး၏ အမှု‌ဆောင် ၊ ဒက္ခိဏာရာမ ဘန်းကွန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဗလက ဆွမ်းကွမ်း‌ဝေယျာဝစ္စနှင့် ဆွမ်းဆန်စိမ်းလောင်း လှူပွဲပြုလုပ်မည့်အခြေအနေတို့ကို တင်ပြလျှောက်ထားသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက အထွေထွေဆွေးနွေးခဲ့ကြပြီး နာဂပုရသာသနာလင်္ကာရအသင်းကြီး၏ အမှု‌ဆောင်၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍဝက အစည်းအဝေးဆုံးဖြတ်ချက်ကို ဖတ်ကြားလျှောက်ထားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ နာဂပုရသာ မဏေကျော်စာမေးပွဲကြီးကို တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းမှ ဘုန်းတော်ကြီးကျောင်းများမှ မူလတန်းအဆင့် ရဟန်း(၁၆)ပါး၊ သာမဏေ(၃၄၅)ပါး၊ သီလရှင်(၁၆)ပါး၊ ပထမဆင့် ရဟန်း (၂၃၇)ပါး၊ သာမဏေ(၇၈၀)ပါး၊ သီလရှင်(၁၅၄)ပါး၊ ဒုတိယအဆင့် ရဟန်း(၁၀၁)ပါး၊ သာမဏေ(၁၉၉)ပါး၊ သီလရှင်(၁၁၀)ပါး၊ တတိယအဆင့်(၁၉၂)ပါး၊ သာမဏေ(၉၀)ပါးနှင့် သီလရှင်(၃၅၀)ပါး စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် (၂၃၂၆)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာအောင်ဘွဲ့နှင်းသဘင်အခမ်းအနားကို တန်ဆောင်မုန်းလဆန်း(၆)ရက် နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့်တကွ ကျင်းပပြလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)