မိုးနဲမြို့နယ်၌ ဌာနဆိုင်ရာများ ပါဝင်သော စစ်‌ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်

မိုးနဲ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ပြည်သူများ လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ တရား ဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်သူများ သိရှိစေရန်အတွက် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို နောင်လိုင်ကျေးရွာအုပ်စု၊ ခဲတောင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနေရာ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က မိမိတို့ရပ်ရွာဒေသ၊ နယ်မြေဒေသလုံခြုံရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်က မူးယစ်ဆေးဝါးကင်းစင်ရေး၊ မှုခင်းကျဆင်းရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လယ်ယာ‌မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်‌မွေးမြူရေးနှင့် ကုသ‌ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန စသည့် ဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်‌ပေးလျက်ရှိသော လုပ်ငန်းစဥ်များနှင့်စပ်လျဉ်း၍ အသီးသီးချပြ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)