နမ္မတူ အောက်တိုဘာ ၁၉
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ဟိန်းလတ်၏ “အကောင်းပြုပြင် အကောင်းမြင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က စာအုပ်တစ်အုပ်၏အပေါ်တွင် တစ်ဦးနှင့် တစ်ဦး မတူညီသော အတွေးအမြင်သစ်များ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်၍ စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ ဟိန်းလတ်၏ “အကောင်းပြုပြင် အကောင်းမြင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား အသီးသီးဖတ်ကြားဆွေးနွေးခဲ့ပြီး ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ယခုကဲ့သို့ အသိပညာဗဟုသုတ ဘက်စုံဖွံ့ဖြိုးစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများကို လစဉ် စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်ထံက သိရသည်။
လူမော် (ပြန်/ဆက်)