မိုင်းယောင်းမြို့နယ်၌ မဲရုံများအလိုက် မဲရုံသုံးပစ္စည်းများ ပြည့်စုံမှန်ကန်ရေးအတွက် စစ်ဆေးဆောင်ရွက်

မိုင်းယောင်း အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံများအလိုက် မဲရုံသုံးပစ္စည်းများ ပြည့်စုံမှန်ကန်စေရေး အတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်း က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Service- OSS) ၌ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသိန်းနှင့် အဖွဲ့ဝင်များသည် မဲပုံး၊ ပလပ်စတစ်ခြင်း၊ ဆန္ဒပြုခန်း၊ အမှန်ခြစ်တံဆိပ်တုံး၊ ချိပ်ထိုးတံဆိပ်၊ ချိပ်တောင့်၊ လုံခြုံရေးကြိုး၊ မင်အိုး၊ မီးအိမ်၊ ဆာလာအိတ်၊ လည်ဆွဲကတ်၊ စတစ်ကာ စသည့် မဲရုံများအလိုက် မဲရုံသုံးပစ္စည်းများ လိုအပ်သည့် အရေအတွက်အတိုင်း ပြည့်၊ မပြည့်နှင့် စနစ်တကျ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် စစ်ဆေးခဲ့ကြသည်။

မိုင်းယောင်းမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၂၆၅၄၉ ဦးရှိ၍ မဲရုံ ၆၈ ရုံ ဖွင့်လှစ်ရန်လျာထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုင်းမှိုင်ခမ်း ထံမှ သိရသည်။

စိုင်းအောင်ဇော်လင်း