မိုင်းကိုင် အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ စာဖတ်ပရိသတ်တိုးပွား၍ စာဖတ်အား ကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများ ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ ယနေ့မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက စာရေးသူခင်စောတင့်၏ "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ပါ ဆောင်းပါးများမှ လမ်းလျှောက်ထွက်ကြမယ်၊ မွေးမေမေနဲ့ ကျွေးမေမေ၊ ထိုတစ် ၊ အမှတ်တရ အချိန်များ၊ သန်းခေါင်ယံဖုန်းခေါ်သံ စသည့်ခေါင်းစဉ်များကို ဖတ်ကြားကာ စာအုပ်အပေါ် ရှုထောင့်ပေါင်းစုံမှ မိမိတို့၏ အမြင်များကို အပြန်အလှန်ဆွေးနွေးကာ အသိပညာဗဟုသုတတိုးပွားရေး စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယခုလအတွင်း မြို့နယ်ပြည်သူ့ စာကြည့်တိုက်သို့ အသစ်ထပ်မံရောက်ရှိလာသော သုတနှင့်ရသစာအုပ်စာပေများကို ခင်းကျင်းပြသရာ စာပေချစ်မြတ်နိုးသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)