ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ လေဆိပ်ရှေ့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တည်ဆောက်မည့် အဆောက်အအုံသစ်အား ပန္နက်ရိုက်တင်ပေး

မြစ်ကြီးနား အောက်တိုဘာ ၁၉

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား မြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်း သပ်ရပ်ပြီးပန်းအလှများဖြင့် ဝေဆာနေစေရေး မြို့တွင်းအဓိကလမ်းမများတစ်လျှောက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၁၉ ရက် နံနက် ၇ နာရီက မြစ်ကြီးနားလေဆိပ်ရှေ့ (ပြည်ထောင်စုလမ်းမကြီး)တစ်လျှောက် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့သည်။

ထို့သို့သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/အမှုထမ်းများနှင့် Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားလေဆိပ်ရှေ့ မလိခဥယျာဉ်ငယ်နှင့် ပြည်ထောင်စုလမ်းမကြီး ဘေးဝဲ/ယာရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ပန်းဥယျာဉ် ငယ်အတွင်း ပန်းပင်များ ပုံဖော်ခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားလေဆိပ်အား ကချင်ပြည်နယ်သို့ လာရောက်သူများအား ဆွဲဆောင်မှုရှိစေရန် အစဉ်အမြဲ သန့်ရှင်းသပ်ရပ်၍ လှပနေစေရေး စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၂၆ ဒဿမ ၅၀၀ သန်းဖြင့် တည်ဆောက်သွားမည့် ၉၀ ပေ × ၄၀ ပေ Steel Structure တစ်ထပ်အဆောက်အအုံသစ် တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်သည်။

ပန္နက်တင်မင်္ဂလာအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ အဆောက်အအုံအား တာဝန်ယူတည်ဆောက်မည့် ရှဝါနန်ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာတို့က သတ်မှတ်နေရာအသီးသီး၌ ပန္နက်ရိုက်တင်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် (၂၂၄ ဒဿမ ၆၀၉) သန်းဖြင့် အသစ်ဆောင်ရွက်သွားမည့် မြေဧရိယာ (၉၁၈၀)စတုရန်ပေးပေါ်တွင် ယာဥ်ရပ်နားရာနေရာအသစ် တည်ဆောက်ခြင်း၊ ကွန်ကရစ်လမ်း (၂၅၂၇၂) စတုရန်းပေ ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် မီးလိုင်း တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်အစီအစဉ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက် ပြီးစီးအောင် ကြီးကြပ်ဆောင်ရွက်သွားရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)