အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ (၉၆၄)ကြိမ်မြောက် သင်ပုတ်ပလ္လင်ပွဲတော်စည်ကား စွာကျင်းပ

ညောင်ဦး  အောက်တိုဘာ  ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန် အမှတ်(၅) ရပ်ကွက်အတွင်းရှိ အံ့ဖွယ်ကိုးစုံရွှေစည်းခုံစေတီတော်မြတ်ကြီး၏ (၉၆၄)ကြိမ်မြောက် သင်ပုတ်ပလ္လင် ပွဲတော်အား အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီမှစတင်ကာ မြို့တွင်းအပူဇော်ခံလှည့်လည်ခြင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

ရွှေစည်းခုံစေတီတော်မြတ်ကြီး သင်ပုတ်ပလ္လင်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ရာ ပုဂံ ညောင်ဦးဒေသရှိ တောင်သူလယ်သမားများ သီးနှံတစ်နှစ်စာလုပ်ကိုင်ပြီးချိန် ရရှိလာသည့်သီးနှံများ ရောင်းချခြင်းမှ ဆယ်ဖို့တစ်ဖို့လှူဒါန်းခြင်းများမှစတင်ကာ နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ကြောင်း ရွှေ စည်းခုံဘုရားဂေါပကဥက္ကဋ္ဌ ဦးကျော်မြင့်မှပြောသည်။

သင်ပုတ်ပလ္လင်ပွဲတော်ကို တစ်နှစ်လျှင်နှစ်ရက် ကျင်းပကြောင်း၊ ပထမနေ့တွင် ညောင်ဦးမြို့ မဏိစည်သူဈေးသူဈေးသားများက သစ်သီးမျိုးစုံ၊ ဝတ္ထုငွေ၊ ဆွမ်း၊ ဝတ္ထုပစ္စည်းမျိုးစုံဖြင့် ဆက်ကပ်လှူဒါန်းပြီး ဒုတိယနေ့တွင် ရပ်ကွက်များမှဒေသခံပြည်သူများက  ဆက်ကပ်လှူဒါန်းခြင်းဖြစ်သည်။ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပင့်သံဃာတော်များမှ ရွှေစည်းခုံ စေတီတော်ကြီးအား ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်မည်ဖြစ်ကြောင်းနှင့် သင်ပုတ်ပလ္လင်တင်လှူထားသည့် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှအတန်းပေးဝေမည် ဖြစ်ကြောင်း ရွှေစည်းခုံဘုရားအဖွဲ့က ရှင်းပြသည်။

ရွှေစည်းခုံစေတီတော်ကြီးအား အနော်ရထာမင်းကြီးနှင့် ကျန်စစ်မင်းကြီးတို့မှတည်ထားကိုး ကွယ်ခဲ့ကြောင်း စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး ကုသိုလ်ပြုနိုင်ရန် (ဝတ်မြေ၊ ကံကျွေးချမြေ)တို့ကိုလှူဒါန်း၍ ဝတ်မြေ၊ ကံကျွေးချမြေပေါ်တွင်နေထိုင်ပြီး (လယ်ယာ၊ ကိုင်းကျွန်း) လုပ်ကိုင်နေထိုင်သူလူအများက ရရှိသောသီးနှံများကို ဆယ်ခိုင်တစ်ခိုင် (ဆယ်ဖို့တစ်ဖို့)လှူဒါန်းကြသော ပွဲတော်ကြီးဖြစ်ကြောင်း ထိုပွဲတော်ကြီးကို(သင်ဘုဇ်ပလ္လင်ပွဲတော်)ယနေ့လူအများအခေါ် (သမုတ်ကြီးတင်)ပွဲတော်ဖြစ်ကြောင်းလည်း သိရကာ တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေစည်းခုံ စေတီဗုဒ္ဓပူဇနိယပွဲတော်ဖြစ်ကြောင်းသိရသည်။

ဒီပါလင်း