ရွှေတိဂုံစေတီတော်၌ နဝလောဟရတနာပါဒစေတီ ဗုဒ္ဓခြေတော်ရာ(၂)ဆူထားရှိမည့် ဗောဓိမဏ္ဍိုင် တန်ဆောင်း၊ ရွှေပလ္လင်ဌာနတိုက်အတွင်းသို့ ဌာပနာပစ္စည်းများ ထည့်သွင်းပူဇော်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၉

ရွှေတိဂုံစေတီရင်ပြင်တော် အင်္ဂါထောင့်တွင် တည်ထားကိုးကွယ်သော ဗုဒ္ဓခြေတော်ရာ (၂)ဆူအား အစားထိုးသွန်းလုပ်ခြင်းအား ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ဦးစီးပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)ကဦးဆောင်၍ မန္တလေးမြို့ကြေးသွန်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင်ထံ အပ်နှံခဲ့သည်။

နဝလောဟ ရတနာပါဒစေတီ ဗုဒ္ဓခြေတော်ရာ(၂)ဆူအား သွန်းလုပ်ပြီးစီး၍ ၁၄-၁၀-၂၀၂၃ ရက်နေ့တွင် မန္တလေးမြို့မှ ပင့်ဆောင်လာကာ ရန်ကုန်မြို့မင်္ဂလာဒုံမြို့နယ်ကျိုက်က္ကလော့ဘုရား၌ ကရဝိတ်ပန်းကားယာဉ်ပေါ်သို့ ပြောင်းလဲပင့်ဆောင်၍လမ်းတစ်လျှောက်၌ အပူဇော်ခံပင့်ဆောင်ခဲ့ပြီး ရွှေတိဂုံစေတီတော်ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ယာယီကိန်းဝပ် စံတော်မူခဲ့သည်။

၁၇-၁၀-၂၀၂၃ သီတင်းကျွတ်လဆန်း ၃ ရက်နံနက်(၅)နာရီခွဲအချိန်တွင် ဗုဒ္ဓခြေတော်ရာထားရှိမည့်ရွှေတိဂုံစေတီတော် ရင်ပြင်တော်အင်္ဂါထောင့်ဗောဓိမဏ္ဍိုင်တန်ဆောင်းရှိ ရွှေပလ္လင်ဌာနတိုက်အတွင်းသို့ ဌာပနာပစ္စည်းများ ထည့်သွင်းပူဇော်ခြင်းနှင့် ရတနာပစ္စည်းများ ဌာပနာသွင်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းသံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဘဒ္ဒန္တအဂ္ဂသာမိထံမှ နဝင်္ဂသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ အန္တရယ်ကင်းပရိတ်တရားတော်များ နာယူခြင်း၊ ဌာပနာ ပစ္စည်းများကို အလှူရှင်များမှ ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊တိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)ထံမှ ရေစက်ချ အနုမောဒနာ တရားနာယူကြသည်။

ယင်းနောက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရင်ပြင်တော်အင်္ဂါထောင့် ဗောဓိမဏ္ဍိုင်တန်ဆောင်းရှိ  ရွှေပလ္လင်ဌာနတိုက်အတွင်းသို့ ရတနာပစ္စည်းများ ဌာပနာသွင်းခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီ‌တော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ပါဠိပါရဂူ၊ ရွှေပြည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဘဒ္ဒန္တနာဂိတမှ ကျောက်စိမ်းရတနာများဖြန့်ခင်းထည့်သွင်းခြင်း၊  ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဘဒ္ဒန္တအဂ္ဂသာမိမှ ဘုရားဓါတ်တော်မွေတော်တို့ကို ထည့်သွင်းခြင်း၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ ဆရာတော်)၊ ဗဟန်းမြို့နယ်သံဃနာယကအဖွဲ့ ဥက္က္ကဋ္ဌဆရာတော်၊ ပန်းတနော်ဆရာတော်တို့မှ သတ္တဌာနပစ္စည်းများ ထည့်သွင်းခြင်း၊ ဂေါပကအဖွဲ့ဝင်များမှရတနာပစ္စည်းများထည့်သွင်းခြင်း၊ ဌာပနာပစ္စည်းများကို အမွှေးနံ့သာများဖြင့် ပက်ဖြန်းခြင်းများပြုလုပ်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)