မိုးညှင်း အောက်တိုဘာ ၁၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာအုပ်စု၌ တောင်သူ ဦးထွန်းထွန်း၏ လယ်မြေကွင်းအမှတ် ၃၁၈၊ ဦးပိုင်အမှတ် ၂၈/၂ ရှိ စိုက်ဧက ၂ ဒဿမ ၁၉ ဧကတွင် ယနေ့ နံနက်ပိုင်းက ဆင်းဧကရီ-၃ မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မိုးထွန်း၊ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများ၊ တောင်သူများက ပူးပေါင်းပါဝင် ရိတ်သိမ်းကြရာ ဆင်းဧကရီ-၃ မိုးစပါး ကောင်းကိုယ်စားပြု တစ်ဧကလျှင် အစိုထွက်တင်း ၁၃၃ ဒဿမ ၇၅ တင်း ထွက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၆၀) ရှိ၍ ဒေသရေမြေသဘာဝထွက်ရှိမှု၊ ဝယ်ယူမှု၊ စားသုံးမှုနှင့်ကိုက်ညီသော အထွက်ကောင်း မျိုးသန့်စပါးဖြစ်သည့် ဆင်းဧကရီ-၃ မျိုးစပါးကို တောင်သူများက အများဆုံး ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိကြပြီး အခြားစပါးမျိုးများဖြစ်သည့် ငွေတိုးနှင့် ကောက်ညှင်းစသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးကြလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရွှေမိုးညှင်း