ရန်ကုန်တိုင်းဒေသကြီး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်    အောက်တိုဘာ     ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တိကျမှန်ကန်မြန်ဆန်စွာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေးအတွက်ရည်ရွယ်၍ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ()နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းနှင့်တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့်စကားအတိုင်း နိုင်ငံတော်၏ ယန္တရားများဟန်ချက်ညီ လည်ပတ်နိုင်ဖို့အတွက် ဝန်ထမ်းများ စွမ်းအားပြည့်ဝစွာဖြင့် ပေးအပ်သည့်တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအရည်အချင်းပြည့်ဝပြီး လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန်၊ လုပ်ငန်းပိုင်းဆိုင်ရာအသိအမြင်ဗဟုသုတများကြွယ်ဝစေရန်၊ မိမိတို့တာဝန်ကျရာ ရာထူးနေရာအသီးသီး၌ တာဝန်ထမ်းဆောင်ရာတွင် လုပ်ငန်းကျွမ်းကျင်မှုရှိပြီး စွမ်းဆောင်ရည်များ မြင့်မားတိုးတက်စေရန်အတွက်  စွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါကြောင်း ”  ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့်တတိယဆုရရှိသည့် ထူးချွန်သင်တန်းသားများကို ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများကဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁)သင်တန်းကို အောက်တိုဘာ(၁၆)ရက်နေ့မှ အောက်တိုဘာ(၁၈)ရက်နေ့အထိ (၃)ရက်တာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ အမှုထမ်း(၃၀)ဦးတို့အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ရုံးလုပ်ငန်းဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များနှင့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက သင်ကြားပို့ချပေးခဲ့သည်။ ဆက်လက်၍လည်း ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၂)နှင့်(၃)ကိုလည်း သင်တန်းသား(၃၀)ဦးတို့ဖြင့် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)