မိတ္ထီလာမြို့နယ်တွင် အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ  အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်ဒေသများရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်  အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီအချိန်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်က  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အကျိုးရှိရှိ အသုံးချနိုင်စေရန်နှင့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများ ပေါ်ထွက်လာစေရန်တို့ကို ရည်ရွယ်၍ နှစ်စဉ်ကာလရှည်သင်တန်းများ၊ ကာလတိုသင်တန်းများအဖြစ် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု သင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ယင်းသို့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသခံပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျင်သော စက်ချုပ်တတ်သူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ မိမိတို့၏ စိတ်ကူးအကြံဉာဏ်ဖြင့် ပုံစံအမျိုးမျိုးဖန်တီးချုပ်လုပ်နိုင်စေရန်၊ စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်နှင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိစေရန်တို့ကို ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းကို  အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ ၎င်းသင်တန်းကို သင်တန်းသား (၁၀)ဦးဖြင့် သင်တန်းကာလကို အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်၍ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ၎င်းနောက် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် ချိတ်လုံချည်၊ သုံးလွှာစကတ်၊ လေးလွှာစကတ်၊ ရင်ဖုံး၊ ရင်စေ့၊ ရင်ဖြတ်ဆက်၊ နောက်ဇစ်တပ်၊ ဘောင်းဘီ၊ ရှပ်အင်္ကျီ၊ သင်္ဘောသားအင်္ကျီ တို့အပြင် Pattern အမျိုးမျိုး ဖြတ်၊ ညှပ်၊ ခေါက်နည်းများကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)