အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန် အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလ အတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် နံ့သာကုန်း ရပ်ကွက် လမ်းသစ်လမ်းမကြီးတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် AE ဦး ဟန်ကျင်မှ တာဝန်ယူ ဆောင်ရွက်နေသည့် မြောင်းဖော်ခြင်း လိုအပ်နေသော နေရာများ အပေါက်ဖောက်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း  လုပ်ငန်းခွင်နှင့် ကမ်းနား အလယ် ရပ်ကွက်၊ အ.ထ.က(၄)ကျောင်းရှေ့ Box Culvert(၅)ခု လျားထား ဆောင်ရွက်လျက်ရှိပြီး ယခု နှစ်ခု ပြီးစီး၍ ကျန်(၃)ခုအား ဆောင်ရွက်နေသည့် မြောင်းဖော် အုတ်စီ၊ မြောင်းဖုံး ဆောင်ရွက်နေသည့် လုပ်ငန်းခွင်များသို့ သွားရောက်၍ ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)